ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့
တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့
သဇင်ပန်းလဲ မလိုချင်ဘူး
ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း
စက္ကူပန်းလဲ မလိုချင်ဘူး
နံ့သာထုံသင်း အဆင်းတွေဖြာ
တင့်တယ်သာသော တစ်ပွင့်ထဲသော
မေတ္တာပန်းဘဲ လိုချင်တယ်….
ရင်ခွင်တံခါးကိုဆွဲဖွင့်
စွဲမက်ဖွယ်အကြည့်
နူးညံ့တဲ့အပြုံးနဲ့
ကျွန်မဘ၀ထဲ တိုးဝင်
ရင်ခုန်သံကို လှုပ်နှိုး
နှလုံးသားကို အရောင်ဆိုးခဲ့
ကျွန်မဘ၀ ကျရှုံး
သခင့်အတွက်သာ ဖြစ်မယ်ဆိုရင်
နေမ၀င်အချစ်တွေနဲ့သာ
ချစ်နေချင်သူပါ သခင်….
အိပ်မက်ဆိုတာ…
တစ်ခါတစ်ရံလက်တွေ့ဘ၀ကို
အများကြီး အထောက်အကူပြုပါတယ်…
ဒီလိုပဲ လူတိုင်းမှာ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်ထားကြမယ်လို့လည်း မျှော်လင့်မိပါတယ်။
တကယ့်လက်တွေ့မှာ အိပ်မက်ဆိုတာ တစ်ချိန်ချိန်တော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အလွမ်းအပေါ်
ပန်းမျှော်လေမလား
စကားတိုးညှင်း
လေပြင်းတိုက်ခတ်
ဖျတ်ခနဲ့ကြွေ
သဲဦးခြွေမဲ့
နွမ်းယဲ့ယဲ့ပေါ့
လွမ်းတော့လွမ်းသား
စကားပန်းဝေ
သခင်ပြောပါလေ……။ ။
ဘာပဲလုပ်လုပ်
အဆင်မပြေနိုင်မှုတွေသာ
ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ
စိတ်ကျလေကြမ်းတွေ
ငါ့ဘ၀အိပ်ခန်းထဲတိုးဝှေ့
အိပ်မွေ့ချခံထားရတဲ့
ယုံကြည်ချက်နဲ့
အငိုမတတ်ဘဲကျတဲ့
မျက်ရည်တွေကို
သတ်ပုံစစ်ဖို့တောင်
မေ့လျော့နေတော့တယ်…….
ကောင်းကင်ယံတွင်
ကြယ်ရံတော်နှင့်
စံပျော်နေသည့်
လပြည့်ဝန်းကို
ရင်မှာလိုသည်
ဘယ်လိုချိန်မှ ရမည်ပ…
ရင်တွင်းနှောင်ဖွဲ့
အကြင်နာကြိုးကို
ဖျက်ရန်ခက်မို့
ရူးသွပ်လှစွာ
တွယ်တာရင်းနဲ့
သူများပြောလည်း
ဥပက္ခာပြုကာ
ရင်ထဲမှာပဲ
သိမ်းထားလိုက်မယ်
တစ်သက်တာလုံး
မြင်လျှင်မြင်ခြင်း
ရင်တွင်းမှာငြိ
တွယ်မိမေတ္တာ
စေတနာက
လိုရာကိုသုံး
စဉ်မြဲပြုံးလို့ နေမယ်ကွယ်….
ချစ်သူ မုန်းသူ လာတယ်
မိတ်ဆွေ ရန်သူ လာတယ်
လူရင် သူစိမ်း လာတယ်
လူကောင်း လူဆိုး လာတယ်
ကြွယ်ဝသူ ဆင်းရဲသူ လာတယ်
ပညာရှင် ပညာမဲ့ လာတယ်
အမျိုးသား အမျိုးသမီး လာတယ်
….. လာတယ် …… လာတယ်
ခြံဝင်းမဲ့ သော့ခလောက်မဲ့
အစောင့်အရှောက်မဲ့ အိမ်နဲ့ မတူတဲ့
အမိုးအကာမဲ့ အိပ်မက်အိမ်ကြီးထဲကို
ဘယ်လို လူမျိုး လာပါ
ဘယ်လို လူမျိုး မလာရ
သမ္မာဒေ၀နတ်များ လာပါ
ပြိတ္တာ ငရဲသားများ မလာရ
စည်းဘောင်ချဖို့
ငါ့မှာ ရွေးချယ်ကန့်သတ် ပိုင်ခွင့်မှ မရှိဘဲကွယ်….
ဖြူစင်တဲ့စိတ်ကလေးနဲ့
အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
မေတ္တာရည် အလှလွှမ်း
သစ္စာတည် ဘ၀လမ်း
လျှောက်လှမ်းခဲ့ပေ….။
ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
လူတကာတွေ မေးငေါ့မှာကြောက်…
လိပ်ပြာလုံ
သိက္ခာဂုဏ် ရိုးသားစွာဖြင့်
ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။